မိုင်းပေါက်ကွဲမှုကြောင့် မန်လီရွာသား ၃ ဦးသေ ၄ ဦး ဒဏ်ရာရ
မတ်လ ၃၀ ရက်နေ့၊ ၂၀၁၉ ခုနှစ်
တအာင်းအမျိုးသမီးအဖွဲ့အစည်း
ယနေ့ နံနက် ၅ နာရီခွဲ အချိန်တွင် နမ္မတူမြို့နယ် မန်လီကျေးရွာနှင့် ၁၅ မိနစ်ခန့်ကွာဝေးသည့် တောင်ယာရှင်းရန် သွားသည့် ရွာသား ၇ ဦးမှ တဲအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ရွာသား ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
မန်လီကျေးရွာ အုပ်ချုပ်ရေးမှူးမှ “ သူတို့က မီးရှို့ထားတဲ့ တောင်ယာကို သွားရှင်းမလို့၊ တဲနားလေးမှာ မိုင်းနင်းမိကြတာ၊ အစကတည်းက ကျနော်ပြောတာ အခုတလော ဘယ်သူမှ တောထဲမသွားဖို့ မှာထားတာ၊ ဒါပေမဲ့ စစ်ရှောင်နေရတာလည်းကြာပြီ မလုပ်ရင် နောက်နှစ်အတွက် ဘာမှ စားစရာမရှိတော့ဘူးဆိုပြီး သွားကြတာ” ဟုပြောသည်။
ဒဏ်ရာရရှိသူ ၄ ဦး အနက် (၂) ဦးမှ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး အားလုံး ဆေးကုသမှု ခံယူနိုင်ရန် သီပေါဆေးရုံသို့ ပို့ဆောင်ထားသည်။
သေဆုံးသူများမှာ ကိုအိုက်ဟိန်း ၃၄ နှစ်၊ လွေးအေးဆောင် ၁၄ နှစ် နှင့် မိုင်းအိုက်လောဝ် ၁၅ နှစ် တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ လွေးမိုးနွမ်း ၁၈ နှစ်၊ ဒေါ်အဲဆင် ၄၂ နှစ်၊ ဒေါ်မာအောင် ၄၅ နှစ် နဲ့ လွေးအေးကော ၁၅ နှစ်တို့ဖြစ်သည်။ ၄င်းတို့ ၄ ဦးသည် ညာခြေသလုံး၊ ဘယ်ဘက်ဒူးခေါင်း စသည့် ဒဏ်ရာ အသီးသီး ထိခိုက်ခဲ့သည်။
သေဆုံးသွားသည့် ၃ ဦး အနက် (၁) ဦးသည် မတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်တွင် RCSS/SSA မှ ပြန်လွတ်ပေးသည့် ရွာသားတစ်ဦး၏ သားဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရသူများကို နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်းမှ သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို သီပေါဆေးရုံတွင် မနိုင်လျှင် လားရှိုးဆေးရုံသို့ လွှဲပြောင်းဖို့ရန် ရှိသည်ဟု အုပ်စု အုပ်ချုပ်ရေးမှူးမှ ပြောသည်။