ပန်ဆေးပြည်သူ့စစ်မှ ရွာသား ၃ ဦးအား ဖမ်းဆီးရိုက်နှက်

ဧပြီလ ၂၂ ရက် ၂၀၁၉ ခုနှစ်

ဧပြီလ ၂၁ ရက် ၂၀၁၉ ခုနှစ်တွင် ပန်ဆေးပြည်သူ့စစ်မှ နောင်အန်ရွာသား ၃ ဦးကို ဖမ်းဆီးရိုက်နှက်သောကြောင့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ယခုထိ နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

နမ့်ခမ်းမြို့နယ် ပတ်မာဒိန်ဆာအုပ်စု နောင်အန်ကျေးရွာတွင် နေထိုင်သော ၁၆ နှစ်ရှိ မိုင်းနော်ညိူဝ်းသည် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ကျွဲရှာရန်သွားရာမှ ရွာအထွက်နားတွင် ပန်ဆေးပြည်သူ့စစ်နှင့် တိုး၍ သူ့ကို ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ခံရသည်။

ရွာခံတစ်ဦးမှ “ သူကို ကြိုးနဲ့ ချည်ပြီး ရိုက်တယ်၊ သေနတ်တွေ ဘယ်မှာ ဖွက်ထားလဲဆိုပြီး မေးမြန်းတယ်၊ ခြိမ်းခြောက်တယ်၊ ကန်တယ်၊ ဒဏ်ရာအများကြီးရလို့ အိမ်အထိ မနိုင်တနိုင်နဲ့ ပြန်လာတယ်၊ အိမ်ရောက်တာနဲ့ မူးလဲသွားတယ်” ဟုပြောသည်။

နောက်ထပ် ရွာသား ၂ ဦးသည်လည်း နေ့လည် ၂ နာရီခန့်တွင် နေ့စား အလုပ်ရှာရန် သွားရာမှ ၄င်းပြည်သူ့စစ်အဖွဲ့နှင့် တိုး၍ ဖမ်းဆီးပြီး ရိုက်နှက်ခံရသော်လည်း ဒဏ်ရာပြင်းထန်ခြင်း မရှိသဖြင့် ဆေးရုံသို့ ဆေးကုသမှု ခံယူခြင်း မရှိပေ။

၄င်းရွာသားများ ရိုက်ခံရသည့် နေရာနှင့် ရွာ အကွာအဝေးသည် လမ်းလျှောက်လျင် ၈ မိနစ်ခန့်သာ ကြာသည်ဟု သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၅ ရက် ၂၀၁၉ ခုနှစ်တွင် ထိုနည်းတူစွာ နောင်အန် ရွာသား ၂ ဦးကို ပန်ဆေးပြည်သူ့စစ်မှ သေနတ်ဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာများစွာ ရရှိခဲ့ကြသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း