မြန်မာ့တပ်မတော် တပ်မ ၈၈ မှ ရွာသား ၉ ဦးအား ဖမ်းဆီး ရိုက်နှက်

ဧပြီလ ၂၄ ရက် ၂၀၁၉ ခုနှစ်

ဧပြီလ ၂၂ ရက် ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ နမ့်ခမ်းမြို့နယ် နမ့်ဆရီးရွာသား ၉ ဦးကို ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီး ရိုက်နှက်ခဲ့သည်။

မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့သည် နမ့်ဆရီးကျေးရွာ အနီးတစ်ဝိုက်တွင် အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့ တပ်မတော်မှ ရွာအတွင်းရှိ တွေ့ရာ ရွာသား ၉ ဦးအား ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း၍ ညှဉ်းပမ်း နှိပ်စက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံ ပြောချက်အရ “ ဗမာစစ်သားဘက်က ၃ ဦးသေဆုံးသွားလို့ ရွာသားတွေကို ဖမ်းပြီး တအာင်းစစ်သားရှိတာကို ဘာလို့မပြောတာလဲဆိုပြီး ဒေါသထွက်နေတယ်၊ ပြီးတော့ သူတို့ကို ကန်တယ်၊ ရိုက်တယ်၊ တချို့ရွာသားတွေကို ဓားမြှောင်နဲ့ ချိန်ပြီး ခြိမ်းခြောက်နေတယ်” ဟုပြောသည်။

ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားများကို တပ်မတော်ဘက်မှ ကျဆုံးသွားသည့် တပ်သား ၃ ဦး၏ အလောင်း ရှင်းလင်းခိုင်းပြီး ညနေ ၈ နာရီဝန်းကျင်ခန့်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် မြန်မာ့တပ်တော်မှ ကျေးရွာထဲတွင် နေရာယူပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ရွာအပြင်ဘက် တောစပ်တစ်နေရာတွင် တည်ရှိနေသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လူနေအိမ် ၂ အိမ်လည်း ထိခိုက်ပျက်ဆီးပြီး ယခုချိန်ထိ မြန်မာ့တပ်မတော်မှ ကျေးရွာအတွင်း ရှိနေဆဲဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းသွားမည်ဟု ထုတ်ပြန်ကြေငြာသော်လည်း တအာင်းဒေသအတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း