ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိ

ဧပြီလ ၂၇ ရက် ၂၀၁၉ ခုနှစ်

ဧပြီလ ၂၆ ရက် ၂၀၁၉ ခုနှစ် ညနေ ၆ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာတွင် နေထိုင်သော ကလေး ၁၀ ဦးသည် အိမ်ရှေ့ တစ်နေရာရှိ ကားဘီးတွင် ဆော့ကစားနေစဉ် ဗုံးတစ်လုံး ပေါက်ကွဲဖြစ်ပွားပြီး ၂ ဦးတွင် ပွဲခြင်း သေဆုံးပြီး ကျန် ၈ ဦးသည် ယခု နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေသည်။

ဒေသခံတစ်ဦးမှ “ လူကြီးတွေလည်း မရှိကြဘူး၊ ကလေးတွေဘဲ ဆော့ကစားရင်းနဲ့ ပေါက်ကွဲမှု ဖြစ်သွားတယ်၊ အဲဒီဗုံးက အစကတည်းက အဲမှာ ရှိတာလား၊ ကလေးတွေက တစ်နေရာရာကနေ ကောက်လာပြီး ဆော့နေတာလားဆိုတာ သေချာမသိရသေးဘူး” ဟုပြောသည်။

၄င်းဗုံးသည် မည်သည့်နေရာတွင် တည်ရှိပြီး မည်သည့်လက်နက်ကိုင်မှ ပစ်ထားသည့် ဗုံးဖြစ်သည်ကို ဒေသခံများမှ မသိရကြောင်း၊ ထိုဒေသတွင် လွန်ခဲ့သော ၆ လကျော်ခန့်တွင် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း