ဖမ်းဆီးခံရသည့် ကျေးရွာအတွင်းရေးမှူး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ အမိန့်ချခံရ

မေလ ၃ ရက် ၂၀၁၉ ခုနှစ်

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်မ ၈၈ မှ မိုးကုတ်မြို့နယ် ဝင်္ကပါကျေးရွာ အတွင်းရေးမှူး ဦးခင်မောင်ဝင်းကို ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် မိုးကုတ်တရားရုံးတွင် အမှုဖွင့် တရားစွဲပြီး ဧပြီလ ၃၀ ရက် ၂၀၁၉ ခုနှစ်တွင် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ အမိန့်ချကာ မန္တလေးမြို့ အုတ်ဖိုထောင်တွင် လွှဲပြောင်းသည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အရပ်ဝတ် ဝတ်စုံဖြင့် TNLA တပ်သား ၃ ဦးမှ ကျေးရွာ အတွင်းရေးမှူး အိမ်တွင် တစ်ညတာ လာရောက်တည်းခိုနေစဉ် မြန်မာ့တပ်မတော်မှ ချက်ချင်း ရောက်လာပြီး အတွင်းရေးမှူးကို ၄င်းတို့ ၃ ဦး နှင့်အတူ တစ်ချိန်တည်း ဖမ်းဆီး ခေါ်ဆောင်သွားသည်။

ရွာခံတစ်ဦး ပြောချက်အရ “ ပလောင်စစ်သား ၃ ဦးက အရပ်ဝတ်နဲ့ အတွင်းရေးမှူး အိမ်မှာ လာအိပ်ကြတယ်၊ ဒါပေမဲ့ ဗမာစစ်သားတွေ လာရောက်စစ်ဆေးတဲ့အခါ သူတို့ ၃ ဦးဆီမှာ စကားပြော စက် တစ်လုံးနဲ့ တံဆိပ်တုံး ပါတဲ့ဖြတ်ပိုင်းတွေ့တော့ သူတို့နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး အတွင်း ရေးမှူးကိုပါ ဖမ်းသွားတာ” ဟုပြောသည်။

ဖမ်းဆီးခံရသည့် အတွင်းရေးမှူးနှင့် တပ်သား ၃ ဦးကို ဘုန်းကြီးကျောင်းတွင် တစ်ည ချုပ်နှောင်ထားပြီး မိုးကုတ်မြို့ အချုပ်ခန်းသို့ လွှဲပြောင်းကာ တရားရုံးတွင် ရုံးချိန်း ၇ ကြိမ် စစ်ဆေးခံရပြီး ထောင်ဒဏ် အမိန့်ချခံရသည်ဟု သိရသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း