ကြံခင်းမှ ပြန်လာသည့် ရွာသားတစ်ဦး ရိုက်နှက်ခံရ

မေလ ၄ ရက်နေ့၊ ၂၀၁၉ ခုနှစ်

မေလ ၁ ရက် ၂၀၁၉ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ ၉၉ မှ မူဆယ်မြို့နယ် ကောင်းဝှက် ကျေးရွာတွင် နေထိုင်သော ကြံခင်းမှ ပြန်လာသည့် ရွာသားတစ်ဦးဖြစ်သူ ကိုထွန်းအောင်အား ဖမ်းဆီး ရိုက်နှက်ခဲ့သည်။

ဖြစ်စဉ်တွင် နေ့လည် ၁၂ နာရီ ဝန်းကျင်ခန့်တွင် ကြံစိုက်ခင်းအနီး ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။ သို့သော် ကြံခင်းတွင် ရှိနေသည့် ရွာသားများသည် ၄င်းပေါက်ကွဲမှုကြားသော်လည်း ဘာသံမှန်း မသိ၍ မည်သူမျှ သွားမကြည့်ခဲ့ပေ။

ထိုပေါက်ကွဲမှု ဖြစ်ပွားပြီး နေ့လည် ၁ နာရီခွဲ ခန့်တွင် ကြံခင်းမှ ရွာသားတစ်ချို့ ဆိုင်ကယ် ၃ စီးဖြင့် ကျေးရွာသို့ ပြန်လာခဲ့ရာ ရှေ့ဆုံးတွင် ဦးဆုံးရောက်လာသည့် ကိုထွန်းအောင်မှ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်တွေ့ကာ တားဆီးစစ်ဆေးမှု ခံရပြီး ရိုက်နှက်ခံရခြင်း ဖြစ်သည်။

ကိုထွန်းအောင်မှ “ ကျတော် ခြံကနေပြန်လာတဲ့ချိန် ဗမာစစ်သားနဲ့ လမ်းမှာတွေ့လိုက်တယ်၊ သူတို့က ဆိုင်ကယ်အပြာနဲ့ အင်္ကျီအမည်း ဝတ်တဲ့ လူနှစ်ယောက်ကို တွေ့လားဆိုပြီး မေးတယ်၊ ကျတော် မတွေ့ဘူး ပြောတော့ ဆိုင်ကယ်တူးဘောက် ဖွင့်ပေးပါဆိုပြီး တခါတည်းရိုက်လိုက်တယ်၊ ပါးနှစ်ချက် ရိုက်၊ ရင်ဘတ်ကို ဘွတ်ဖိနပ်နဲ့ ကန်တယ်၊ အပြစ်မရှိဘဲ ယခုလို ရိုက်တဲ့အတွက် စိတ်နာတယ်” ဟုပြောသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူကြီးများမှ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ တိုင်ကြားစာ တစ်စောင် ပို့ထားကြောင်း သိရသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း