ကျေးရွာ ၆ ရွာရှိ ဒေသခံ ၄၀ ဦးကို RCSS/SSA တပ်ဖွဲ့မှ တပ်သားသစ်အဖြင့် စုဆောင်းနေ
မေလ ၉ ရက်နေ့၊ ၂၀၁၉ ခုနှစ်
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ သီပေါမြို့နယ် အုံမုကျေးရွာ အုပ်စုရှိ တအာင်းနှင့် ရှမ်းကျေးရွာ ၆ ရွာဖြစ်သည့် မန်လွယ်၊ ထန်စန့်၊ ပန်ခါး၊ နမ့်ဟူး၊ အုံမုနှင့် ကောင်းလန်းကျေးရွာရှိ ရွာခံ ၄၀ ဦးကို ဧပြီလ ၂၈ ရက်နေ့မှ စ၍ တပ်သားအဖြစ် ပေးရန် ကျေးရွာလူကြီးထံ တောင်းဆိုနေကြောင်း သိရသည်။
အမည်မဖော်လိုသူ သီပေါမြို့နယ်ခံ တစ်ဦးမှ “ သူတို့ ထပ်ခါထပ်ခါတောင်းနေတယ်၊ အယောက် ၄၀ တောင် တောင်းတယ်၊ အခုတလောတော့ ရွာလူကြီးတွေက သူတို့ လူကြီးကို ခဏခဏ သွားတောင်းပန်တယ်၊ သူတို့ပြောတာ အုံမုအုပ်စုထဲမှာ အဲ့လောက်တောင် မရှာပေးနိုင်ရင် ငါတို့ကိုယ်တိုင် ရွာတိုင်းလိုလို လိုက်ကောက်မယ်တဲ့၊ ငါတို့ကိုယ်တိုင်လိုက်ကောက်ရင် အယောက် ၄၀ တောင်မကဘူး၊ တစ်ရွာကို အယောက် ၃၀ တောင်ရနိုင်တယ်” ဟု ပြောသည်။
မေလ ၄ ရက် ၂၀၁၉ ခုနှစ်တွင် အုံမုကျေးရွာ အုပ်စုရှိ ကျေးရွာလူကြီးများမှ စုပေါင်း၍ RCSS/SSA ၏ အရာရှိထံ သွားရောက်တောင်းပန်သော်လည်း ၁၅ ဦးသာ ကင်းလွတ်ခွင့်ပေးပြီး ကျန်ရှိသည့် ၂၅ ဦးကို မေလ ၁၆ ရက်နေ့ ၂၀၁၉ ခုနှစ် နောက်ဆုံးထားပြီး ပေးသွင်းရမည်ဟု ပြောသည်။
ထို့အပြင် ၄င်းဒေသတစ်ဝိုက်တွင် အခြေချသော RCSS/SSA တပ်ဖွဲ့သည် ၂၀၁၈ မှ စ၍ ယခုအထိ မန်လွယ်ကျေးရွာနဲ့ ပန်ခါးကျေးရွာရှိ လ္ဘက်ခြံများတွင်လည်း လ္ဘက်ခူးယူခွင့် မပေးဘဲ အပင်များ ဖျက်ဆီးကာ တပ်စခန်း တည်ဆောက်ခြင်း၊ ချွန်ထက်သည့် ဝါး စိုက်ထားသည်ဟု သိရသည်။
“ ရှမ်းစစ်သားတွေက ငါတို့ကို လက်ဖက်လည်း ပေးမခူးဘူး၊ ရွာဘေးနားက နဲနဲလောက်ပဲ ပေးခူးတယ်၊ လက်ဖက်ခြံထဲမှာလညး် တပ်စခန်းချတယ်၊ ဝါးအဆူးတွေ စိုက်ထားတယ် မိုင်းတွေ ထောင်ထားတော့ ဘယ်သူမှ သွားမခူးရဲဘူး၊ “ ဟု ၄င်း အမည်မဖော်လိုသူ နယ်ခံတစ်ဦးမှ ဆက်ပြောသည်။
ယခင်တုန်းတွင် တချို့ဒေသခံမှ ပြောင်းဖူးခြံတွင် ညအိပ်ပြီး အလုပ်လုပ်ခဲ့သော်လည်း ယခုချိန်တွင် နေ့ချင်းပြန်သာ လုပ်နေရသည်ဟု ထပ်မံ သိရသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း