ဒေသခံ နှစ်ဦးမှ မြင်းရှာရန် သွားနေစဉ် မိုင်းနင်းမိပြီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ခွဲ၊ ကော်ပေါဝ်ကျေးရွာအုပ်စု၊ ကော်ပေါဝ်ကျေးရွာနေ ဒေသခံ၂ဦးဖြစ်သည့် မိုင်းအောင်စိုးနဲ့ မိုင်းဇာလိန္နသည် မြင်းရှာရန် သွားနေစဉ် ကျေးရွာအနီးတွင် မိုင်းနင်းမိပြီး တစ်ဦးသည် ပွဲချင်းသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

ဒဏ်ရာရရှိသူ မိုင်းအောင်စိုးကို ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့ဝင်များနှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့မှ လုံခြုံရေးအရ လူနာကို ပန်စံကျေးရွာအထိသာ သွားရောက် သယ်ဆောင်ခဲ့ပြီး ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

လူနာကို သွားရောက်ကူညီခဲ့သော ကျောက်မဲဇီဝိတလူမှုကူညီရေးအသင်းမှ မာည်းဆငီဇာရ်မှ “ မြင်းပျောက် နေလို့ သူတို့ ၂ ယောက်က မြင်းသွားရှာတာ၊ ရွာနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ သူတို့ နင်းမိတာ တစ်ယောက်က ဦးခေါင်းထိလို့ ပွဲချင်းပြီးဆုံးသွားတာ၊ လုံခြုံရေးအခြေအနေအရ ကျနော်တို့က ဒဏ်ရာရတဲ့ တစ်ယောက်ကို နောက်တစ်ရက်မှ သွားကယ်ထုတ်နိုင်တာ၊ သူတို့ရွာအထိတော့မသွားရဘူး၊ ရွာကလူတွေက လူနာကို ပန်စံရွာအထိ လာပို့ပေးတာ ” ဟု ပြောသည်။

လက်ရှိကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော မိုင်းအောင်စိုးသည် ရင်ဘတ်၊ ဆီးခုံအပေါ်ပိုင်း၊ မျိုးပွားအင်္ဂါနှင့် ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မိုင်းဇာလိန္နသည် ဦးခေါင်းတွင် မိုင်းထိမိသောကြောင့် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

မိုင်းပေါက်ကွဲတဲ့နေရာ အနီးတစ်ဝိုက်တွင် သြဂုတ်လ ၁၅ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် TNLA၊ MNDAA၊ AA တိုနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး ယ္ခုလက်ရှိအချိန်ထိ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု ၄င်းမှ ဆက်လက်ပြောကြားသည်။