ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိ
သြဂုတ် ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော် တပ်မ ၉၉၊ ၁၀၁ တို့သည် ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု တောင်ပလို့ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်ဘက်မှ ကုန်းသာရွာသစ်အတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူတစ်ဦးမှ “ သူတို့က တောင်ပလို့ရွာဘက်မှာ တိုက်ပွဲစဖြစ်ခဲ့တာ၊ တိ်ုက်ပွဲ ခနငြိမ်သွားပြီးနောက် နေ့လည် ၁ နာရီလောက်ထင်တယ် တပ်မတော်က တောင်ပလို့ရွာ ဘက်ကနေ ကျနော်တို့ ကုန်းသာရွာသစ်ဘက်ကို ပလောင်စစ်သားရှိနေတယ်ထင်ပြီး လက်နက်ကြီးချလာတာ၊ အဲဒီချိန် ကလေးက အိမ်ရှေ့မှာဆော့နေလို့ သွားခေါ်ရင်းနဲ့ လက်နက်ထိပြီး ဒဏ်ရာရတာ ” ဟု ပြောသည်။
ဒဏ်ရာရရှိသူ နှစ်ဦးကို မြန်မာ့တပ်မတော်မှ ကုန်းသာရွာသစ်မှ တောင်ပလို့ကျေးရွာသို့ လာရောက် ခေါ်ဆောင် သွားကာ ဆေးကုသပေးခဲ့ပြီး ရွာသားတစ်ဦးကို ထိုနေ့တွင် ချက်ချင်းပြန်လွှတ်ပေးသော်လည်း ကျန်သည့် ရွာသား တစ်ဦးကို TNLA နှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟု စွပ်စွဲပြီး ဆက်လက်ထိန်းသိမ်းထားသောကြောင့် သြဂုတ် ၂၂ ရက်နေ့တွင် ကျေးရွာလူကြီးများနှင့် မိသားစုများမှ သွားရောက်ထောက်ခံ ပေးမှသာ ပြန်လွှတ် ပေးခဲ့သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၄ အိမ်၏ နံရံနှင့် သွပ်မိုးများ ထိခိုက်ပျက်စီးသည့်အပြင် မြန်မာ့တပ်မတော်မှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားများကို ကျေးရွာအတွင်းသို့ ခေါ်စုကာ TNLA တပ်မတော်အကြောင်းမေးမြန်းခဲ့ပြီး တစ်ချို့နေအိမ်ရှိ ပစ္စည်းများကို လိုက်လံမွှေနှောက်ကာ ရှာဖွေစစ်ဆေးခဲ့သည်။