ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ရှောင်များ ထောင်ချီရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ရှမ်းမြောက်မဟာမိတ်ညီနောင်တပ်ဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် (MNDAA) ၊ (AA) ၊ (TNLA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတင်းမာမှုကြောင့် ဒေသခံ ၂ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။
တိုက်ပွဲတင်းမာမှုကြောင့် ဒေသခံပြည်သူများမှ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ် အသီးသီးရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ကတ်သလစ်ဘော်ဒါဆောင်၊ ဇရပ်နှင့် ဓမ္မာရုံသို့ စုစုပေါင်း၂၄၄၂ ဦး ထွက်ပြေး ခိုလှုံနေကြရသည်။
လားရှိုးမြို့နယ် မိုင်းတင်းကျေးရွာတွင် (၄၄၄)ဦး၊ မတ်ချီနူကျေးရွာတွင် (၅၇၇) ဦး၊ မန်ဆူရှမ်းဘုန်းကြီး ကျောင်းတွင် (၂၅၀)ဦး ရှိပြီး သိန္နီမြို့နယ် နမ့်စလပ်ကက်သလစ်ဘော်ဒါဆောင်တွင် (၂၇၆) ဦး၊ ကွတ်ခိုင်မြို့နယ် တောင်တန်းဘုန်းကြီးကျောင်းတွင် (၁၅၆) ဦး၊ ခိုလှုံဘုန်းကြီးကျောင်းတွင် (၅၀၂) ဦး၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက်နှင့် ဟိုနားကျေးရွာတွင် (၂၃၃) ဦး ရောက်ရှိနေကြသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO မှ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ဆန်၊ ဆီ၊ ဟင်းသီး ဟင်းရွက်များ၊ ဟင်းခြောက်များနှင့် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ပေးသော်လည်း လုံလောက်မှု မရှိသည့်အတွက် အစားအသောက်များ၊ သောက်ရေသန့်များ၊ ထမင်းဟင်းချက်ရန် ထင်းချောင်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေဆဲ ဖြစ်သည်။
လားရှိုးမြို့နယ် မိုင်းတင်းကျေးရွာ နဲ့ မတ်ချီနူးကျေးရွာတွင် ရောက်ရှိလာသော စစ်ရှောင်များသည် ကုန်းဆာ၊ ဟိုနား၊ ပန်စုံ၊ ကောင်းခုံး၊ မန်ကတ်၊ ပန်ဆိုင်း၊ ကောင်းဖြူရွာ၊ မန့်မွမ်းရွာ၊ နာဖတ်ကျေးရွာများမှ ထွက်ပြေးလာခြင်း၊ ကွတ်ခိုင်မြို့နယ် တောင်တန်းကျောင်း၊ ခိုလှုံကျောင်းနဲ့ ကာလိုင်ဘုရားကျောင်းတွင် ရောက်ရှိလာသော စစ်ရှောင်များသည် နမ့်ဟူးဒဲ့၊ မာန်နောင်၊ မန်တုံ၊ ဟွေအစ်၊ မန်နောင်၊ ကုန်းဆာ၊ ပါဂျူ၊ လော့မွန်၊ ဘန်ဂူ၊ မန်အိုင်ကျေးရွာမှ ထွက်ပြေးလာခြင်း၊ သိန္နီမြို့ နမ့်စလပ် ကတ်သလစ်ဘော်ဒါဆောင်တွင် ပန်တီး၊ ပန်လုံ ဒေသခံများဖြစ်ပြီး၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်နှင့် ဟိုနားကျေးရွာသို့ ရောက်ရှိသူများသည် ကောင်းဝိုင်း ဒေသခံများ ဖြစ်ကြသည်။
သြဂုတ်လ ၁၅ ရက်နေ့တွင် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နဲ့ နောင်ချို ဂုတ်ထိပ်တံတား အပါအဝင် နေရာ ၅ နေရာတွင် ရှမ်းမြောက်မဟာမိတ်ညီနောင် ၃ ဖွဲ့တို့၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ယနေ့အထိ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲတစ်ဖန်ပြန်လည်ဖြစ်ပွားခဲ့သည်။