လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖက်ယိုင်း ပြိန်းဟွယ်အုပ်စု လွယ်ပယ်(ခ) မာန်အောင်စုစည်းကျေးရွာ၌ သြဂုတ် ၂၃ ရက် ည ၇ နာရီအချိန်တွင် မြန်မာတပ်မတော်၏ တပ်စခန်းဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိပြီး ကွတ်ခိုင်ဆေးရုံသို့ ယနေ့ချိန်ထိ ဆေးကုသ ခံနေရသည်ဟု သိရသည်။
ကာယကံရှင်ပြောပြချက်အရ “ ကျနော်တို့ ထမင်းစားပြီး အိပ်မလို့ လုပ်နေတဲ့အချိန်မှာ လက်နက်ကြီးက အိမ်ဘေးကိုကျလာပြီး လက်နက်စတွေက ကျနော်တို့ မိသားစုကို လာထိတယ် ကျနော့် ခါးထိတယ်၊ ကျနော့်သမီးတော့ နောက်ကျောထိတယ်၊ ကျနော် ယောက္ခမကျတော့ နံရိုးထိတယ် “ဟုပြောသည်။
ထိခိုက်ဒဏ်ရာရရှိ သူများမှာ ဦးအိုက်ကျိန်အသက်(၃၅) ၊ ယာအေး ကမ်း အသက်(၅၅) နှင့် လွေးအမ်ခေါန် အသက်(၁၁) နှစ်တို့ဖြစ်ကြပြီး လွေးအမ်ခေါန်သည် ဟိုနားကျေးရွာ အ. မ. က ကျောင်းတွင် တတိယတန်းကျောင်းသူ တစ်ဦးဖြစ်သည်ဟုလည်း ၎င်းမှ ဆက်လက်ပြောကြားသည်။
လက်နက်ကြီးပစ်ခတ်မူကြောင့် ၎င်းတို့ ရွာလုံးကျွတ်မှ ရွာထဲတွင် မနေရဲတော့ဘဲ ကွတ်ခိုင် ရပ်ကွက်(၂) မြို့တော် ခန်းမဆောင်နှင့် တောင်တန်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေပြီး ယခုလောလောဆယ် တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း အရေးပေါ်လိုအပ်နေသည်ဟုလည်း ထပ်မံသိရသည်။