မဲဆွယ်စည်းရုံးရေးအတွင်း ခြိမ်းခြောက်မှုရှိနေသည့်အပေါ်တိုင်ကြားထားသော်လည်း တုန့်ပြန်မှု မရှိသေး

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာ (၃)ရွာကို မဲဆွယ်စည်းရုံးခွင့်မပြုရန် RCSS/SSA တပ်ဖွဲ့မှ ခြိမ်းခြောက်စာတစ်စောင်ပို့ဆောင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲရုံးကော်မရှင်ထံသို့ တိုင်ကြား ထားသော်လည်း တုန့်ပြန်မှုမရှိသေးဟု သိရသည်။

စက်တင်ဘာ၂၃ရက်နေ့တွင် ပန်ကေတုကျေးရွာအုပ်စုအတွင်းရှိ တအာင်းကျေးရွာ၃ရွာကို (မောက်လျန်၊ လွယ်ရွဲ၊ ကုန်းပေါင်း) RCSS/SSAမှ တအာင်းအမျိုးသားပါတီအား မဲဆွယ်စည်းရုံးခွင့်ပေးလျှင် ဒဏ်ငွေ (၁၀) သိန်းပေးဆောင်ရမည်ဟု ခြိမ်းခြောက်စာတစ်စောင်ကို သက်ဆိုင်ရာ ကျေးရွာ ဥက္ကဌများထံသို့ပေးပို့ခဲ့ သည်။

တအာင်းအမျိုးသားပါတီကိုယ်စားလှယ်လောင်း မိုင်းနုမ်းဟန် ပြောပြချက်အရ “ကျနော်တို့ ၂၆ရက်နေ့မှာ ပါတီအောင်နိုင်ရေး စည်းရုံးရေးဆင်းဖို့ အဲ့ရွာတွေကို ရောက်တဲ့အခါမှာ ကျေးရွာဥက္ကဌက ကျနော်တို့ကို အဲ့စာထုတ်ပေးလိုက်တယ်၊ အဲ့စာက ရွာထဲမှာ မဲဆွယ်ခွင့်ပြုရင် ပိုက်ဆံ ၁၀ သိန်းပေးရမယ်လို့ရေးထားတယ်၊ အဲ့ကြောင့် ရွာကလူတွေ ကျနော်တို့ကို မဲဆွယ်စည်းရုံးရေးလုပ်ဖို့ မပေးဘူး၊ ကျနော်တို့လဲ မလုပ်လိုက်ရဘူး ” ဟုပြောသည်။

စက်တင်ဘာလ ၂၆ရက်နေ့တွင် တအာင်းပါတီအနေဖြင့် ၂၀၂၀ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးခွဲ ခိုလမ်မြို့၊ RCSS/SSA ဆက်ဆံရေးရုံး၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီ မိုင်းကိုင်မြို့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ တိုင်းမှူး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်မြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဌာန တောင်ကြီးမြို့ တို့တွင် တိုင်ကြားစာပေးပို့ခဲ့သည်။

ဆက်လက်၍ “တိုင်ကြားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထူးခြားတာ ဘာမှမတွေ့ရသေးဘူး၊ ကျနော်တို့လည်း ကိုယ့်တအာင်းရွာထဲမှာ မဲဆွယ်စည်းရုံးခွင့်မရတော့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်၊ နောက်တစ်ခုက ကျနော်တို့တွေ တိုင်းရင်းသား ညီအစ်ကိုအရင်းတွေဖြစ်ကြတယ်၊ အဲ့လိုအငြင်းပွားမှု၊ မနာလိုမှုတွေမထားဖို့နဲ့ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်မှာ နေရာရသွားတယ်ဆိုရင် ကိုယ့်ရဲ့ မြို့နယ်ကို အကျိုးပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက်ကြောင့် တားမြစ်မှုတွေ၊ ပိတ်ပင်မှုတွေမလုပ်ဖို့ မေတ္တာရပ်ခံ အပ်ပါတယ်လို့ ” ၎င်းက ထပ်မံတောင်းဆိုသည်။

၂၀၂၀ရွေးကောက်ပွဲအတွင်း တအာင်းပါတီဆိုင်းဘုတ်မကြာခဏဖျက်ဆီးခံရတာရှိသလို တားဆီးပိတ်ပင် ခြိမ်းခြောက်တာလည်း ခံရလျှက်ရှိသည်။