ရွာသား(၃)ဦးကို မြန်မာ့တပ်မတော်မှ ပစ်ခတ်ခြင်းကြောင့် ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

လားရှိုးခရိုင် မိုင်းယော်တိုက်နယ် နားဂွန်ကျေးရွာနေ အမျိူးသမီး (၃) ဦးကို မြန်မာ့တပ်မတော်မှ ပစ်ခတ်သဖြင့် (၁) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂ရက်နေ့တွင် နားဂွန်ကျေးရွာသားများသည် တရုတ်ရွာမှ ပွဲပြီးသဖြင့် မိမိရွာသို့ ပြန်လာစဉ် မြန်မာ့တပ်မတော် တပ်မ ၉၉ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၆မှ တပ်သား နှစ်ဦးသည် နားဂွန်နှင့် နောင်ချိုရွာကြားတွင် စောင့်နေခဲ့ပြီး ရွာသားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

နားဂွန်ရွာသား တစ်ဦးပြောပြချက်အရ “ ရွာသားတွေက တရုတ်ရွာမှာ ပွဲသွားတာ၊ ပွဲသွားတာ ရွာသား (၃၆)ယောက်လောက်ရှိတယ်၊ ဗမာစစ်သားတွေ ပစ်တော့ ရွာကလူတွေ နောက်ဆုတ်လိုက်တယ်၊ ပြီတော့မှ လွေးစီရဲ့ ရုပ်အလောင်းကို ပြန်လာကြည့်တယ်၊ ဗမာစစ်သားတွေ ပစ်တဲ့ အချိန်မှာ ဘာမှမပြောဘူး၊ ဒီအတိုင်းပဲ ပစ်လိုက်တာ၊ အပြန်လမ်းမှာ ပစ်ခံရတာ၊ တိုက်ပွဲလဲ ဖြစ်တာမရှိဘူး၊ တမင်သက်သက်ပစ်တာ၊ ရွာသားမှန်း သူတို့သိတယ်၊ အဲ့နေ့ ညနေပိုင်းလောက်မှာ အဲ့နေရာပဲ မီးရှို့ပေးလိုက်တယ်” ဟုပြောသည်။

အပစ်ခံရသည့်အထဲတွင် လွေးစီ(၃၀)နှစ်သည် ခါးနှင့်ပေါင်တံထိမှန်သဖြင့် သေဆုံးခဲ့သည်။ ဒေါ်မန်ငမ်း (၅၅)နှစ်ပုခုံးထိမှန် နှင့် မာဆဲင်လာ(၆၀)နှစ် ပေါင်တံထိမှန်ကာ ဒဏ်ရာအသီးသီး ရရှိကြပြီး စိုးရိမ်းရသည့် အခြေအနေမဟုတ်ဟုသိရသည်။ သေဆုံးသူလွေးစီနှင့် ဒေါ်မန်ငမ်းသည် သားအမိဖြစ်သည်ဟု ထပ်မံသိရသည်။

မိုင်းယော်တိုက်နယ်တွင် သြဂုတ်လမှ အောက်တိုဘာ ပထမပတ်အတွင်း မြန်မာ့တပ်မတော် ပစ်ခတ်ခြင်းကြောင့် သေဆုံးသူ(၃)ဦးမြောက်ရှိနေပြီးဖြစ်သည်။ ဤဒေသတွင် တိုက်ပွဲဖြစ်လေ့ဖြစ်ထ မရှိသော်လည်း လူထုကို ဦးတည် ပစ်ခတ်မှု ရှိနေသည်ကို တွေ့ရသည်။

ရွာအနီးတဝိုက်တွင် စစ်ကြောင်းရှိနေသောကြောင့် ကျေးရွာတစ်ရွာလုံး ဖုန်းစက်ပိတ်ထားခြင်းကြောင့် ကျေးရွာဥက္ကဌထံ ဆက်သွယ်၍ မရခဲ့ချေ။