နမ့်ဆန်ဒေသခံနှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးသည် ပြင်းထန်သည့်ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် ဒေသခံနှစ်ဦးဖြစ်သူ မိုင်းနေထက်လင်းနှင့် မိုင်းသိန်းမြင့်တို့သည် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြွင်းကျန်ရှာဖွေရာမှ မိုင်းနင်းမိပြီး မိုင်းနေထက်လင်းသည် ပြင်းထန်စွာ ဒဏ်ရာရှိပြီး တအာင်းဒေသတွင် ဖွင့်လှစ်ထားသည့် ဆေးပေးခန်းတွင် ဆေးကုသမှုခံယူနေရသည်ဟု သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ (၉) ရက်နေ့ နေလယ် (၁၂) နာရီခွဲတွင် မိုင်းနေထက်လင်းနှင့် မိုင်းသိန်းမြင့်တို့က နမ့်ဆန်မြို့နယ် မန်မိုင်ရပ်ကွက် စစ်တပ်ကုန်း အနောက်ဘက်ရှိ လက်ဖက်ခြံတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။
အသက် (၁၇) နှစ်ရှိ မိုင်းနေထက်လင်းသည် ညာဘက်ခြေထောက် ဒူးခေါင်းပိုင်းတွင် ကြေမွပျက်စီးသည့်ဒဏ်ရာ သော်လည်းကောင်း၊ ညာဘက်လက်ဖဝါးပေါက်ကွဲသွားသည့် ဒဏ်ရာသော်လည်းကောင်း၊ ဘယ်ဘက်လက်တွင် လည်းကောင်း အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
မိုင်းနေထက်လင်း၏ အစ်ကိုတော်ဖြစ်သူ ပြောပြချက်အရ “သူတို့နှစ်ယောက်က စစ်တပ်ကုန်းရဲ့ အနောက်ဘက်က လက်ဖက်ခြံမှာနင်းမိတာ၊ မသွားဖို့တားထားတဲ့ နေရာကိုသွားလိုက်မိကြတာ၊ နေထက်လင်းတော့ ဒဏ်ရာအများကြီးရသွားတယ်၊ သိန်းမြင့်တော့ မထိဘူးပေါ့၊ သိန်းမြင့်ပဲ သူ့ကို ကျောပိုပြီး စစ်သားတွေရှိတဲ့နေရာ ခေါ်သွားတယ်၊ သူ့ကို အဲ့နေရာမှာ ဆေးထည့်ပေးပြီ ဆေးခန်းရှိတဲ့ရွာဘက်ကို ခေါ်သွားတယ် ” သည်ဟု မိန့်ပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် အကြမ်းဖက်စစ်တပ်တို့သည် နမ့်ဆန်မြို့နယ်တွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။
လက်ရှိအချိန်တွင် နမ့်ဆန်မြို့ကို တအာင်းတပ်မတော်၏ ထိန်းချုပ်ထားလျက်ရှိပြီး မြို့အနီးတစ်ဝိုက်နဲ့ လက်ဖက်ခြံခင်းတွင် မပေါက်ကွဲသေးသော မိုင်းများ၊ လက်နက်ကြွင်းကျန်များ ဆက်လက်ရှိနေဆဲ ဖြစ်ပါသည်။
Photo – Local residents