နမ့်ဖတ်ကာတိုက်ပွဲဖြစ်ခဲ့စဉ် ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသခွင့်မရဘဲ တစ်ဦးသေဆုံးခဲ့ရ

ရှမ်း/မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကချင်တပ်မတော်(KIO/KIA)တို့အကြား ဖြစ်ပွားနေသည့် (၁၂၃) တပ်စခန်း သိမ်းတိုက်ပွဲအတွင်း ဒေသခံနှစ်ဦးကို လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် နမ့်ဖတ်ကာ ရပ်ကွက် (၄)အောင်သပြေရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ အရွယ်ရှိ ဦးအိုက်လွန်ကို လေယာဉ်မှ ပစ်လိုက်သော ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသည့်အပြင် အေဲမ်းခုမ်ရွာမှ အဖွါးအိုတစ်ဦးသည်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။

အိုက်လွန်၏ ဇနီးဖြစ်သူမှ “ည ၈ နာရီပေါ့ လက်နက်က နှစ်ခါကျလာတယ်၊ ပထမတစ်ခါကျတာ သူ့ကိုမထိဘူး၊ ဒုတိယတစ်လုံးကျတဲ့အချိန်မှ သူ့ကိုထိတယ်၊ သူ့က တံခါးသွားပိတ်ဖို့ လုပ်နေချိန်မှာပဲ ထိသွားတယ်၊ တံခါးတောင်ကောင်းကောင်းမပိတ်ရသေးဘူး၊ ကျမတို့အိမ်လည်း ပျက်စီးသွားတယ်” ဟုဆိုပါသည်။

အဆိုပါ ဗုံးစထိသည့် အိုက်လွန်သည် ဒဏ်ရာအနည်းငယ်သာရရှိသော်လည်း နေ့စဥ်ရက်ဆက်တိုက် ပွဲဖြစ်နေသော ကာလဖြစ်သောကြောင့် ဆေးရုံ၊ ဆေးခန်း ပြခွင့်မရဘဲ သွေးထွက်လွန်ပြီး သေဆုံး သွားခဲ့ကြောင်း အိုက်လွန်၏ ဇနီးထံမှ ထပ်မံသိရှိရပါသည်၊၊

“ဒဏ်ရာကတော့ ရင်ဘက်မှာရတယ်၊ နှလုံးနဲ့နီးတယ်၊ ထိတဲ့နေရာမှာ အပေါက်ဖြစ်သွားတယ်၊ ပြစရာဆေးခန်းရှိရင် အသက်ရှင်အုံးမယ်၊ တိုက်ပွဲဖြစ်နေလို့ ဘယ်မှ သွားလို့မရလို့ အခုလို သေဆုံးသွားတယ်”ဟုပြောပါသည်။

ထိုအပြင် အေဲမ်းခုမ်ရွာတွင် နေထိုင်သည့် အသက် ၇၀ အရွယ်ရှိ ယာအီမန်သည်လည်း ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိကာ ဆေးခန်းတွင် ၁၀ရက်ကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရပါသည်။

“အဖွားက အိမ်ထဲမှာပဲနေတာ လက်နက်က အောက်အိမ်မှာ လာကျတယ်၊ အဖွားရဲ့ခေါင်းမှာ ဒဏ်ရာရတယ်၊ မိုင်းယုမှာပဲ ၁၀ရက်ကျော်လောက်ဆေးကုသနေရတာ”ဟု ဒေသခံ တစ်ဦးက ဆိုပါသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ဖတ်ကာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီနှင့် ကချင်တပ်မတော် တို့ တိုက်ပွဲကြား ထိခိုက်သေးဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရရှိသည့် ဒေသခံများသည် ဆေးကုသခွင့် များမရရှိခဲ့ကြောင်း TWO ၏ ကွင်းဆင်းအချက်အလက်ကောက်ယူရာတွင် သိရှိခဲ့ရပါသည်၊၊

ပုံ – TWO

#နမ့်ဖတ်ကာ#ကွတ်ခိုင်#လက်နက်ကြီး#ဒေသခံဒဏ်ရာရ

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *