လားရှိုး အောင်မင်္ဂလာ နမ့်ဆန်ကျောင်းတိုက်ကို စကစမှလေယာဉ်ဖြင့်ဗုံးကြဲ ကိုရင် ၂ ပါးပျံလွန်တော်မူ၊ ၁၁ ပါး ဒဏ်ရာရရှိ
လားရှိုးမြို့နယ်ရှိ အောင်မင်္ဂလာ နမ့်ဆန်ကျောင်းတိုက်အတွင်း လွန်ခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျောင်းပရဝုဏ်အတွင်း လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ကျောင်းမှာ သီတင်းသုံးနေကြသည့် ကိုရင် ၂ ပါး ပျံလွန်တော်မူသွားပြီး ၁၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဉ်သိရှိသူ ဦးဇင်းတစ်ပါးမှ ကျောင်းဆောင်မှာနေတဲ့ ကိုရင်တစ်ပါးကို ထိပြီး နှစ်ပိုင်းဖြစ်သွားတယ်၊ ‘အပြင်မှာထိပြီ’လို့ အော်သံတွေကြားတော့ ဦးဇင်းထွက်ကြည့်မလို့ ကောင်းကောင်းထွက်မရသေးဘူး၊ မှန်ကွဲတွေများလို့ နောက်ထပ် ကိုရင်တစ်ပါးထိပြန်တယ်၊ သူ့ကိုကြည့်တော့ မှောက်နေတာ ဘယ်သူနဲ့မှ အဆက်အသွယ်မရ၊ ဆေးကုသပေးမယ့်သူလဲမရှိဘူး၊ လေယာဉ်တွေကလာလို့ ကျောင်းက ဦးဇင်းတွေကပဲ ကျောင်းအနောက်ဘက်က ပန်းခြံမှာ သွေးထွက်တာ မလွန်အောင်သင်္ကန်းနဲ့ချည်ထားရတယ်၊ သူက ပူတယ် နာတယ် ဆိုပြီးအော်နေတာ ရေတောင်းသောက်နေတယ်၊ ဒဏ်ရာပြင်းတော့ သူ့လည်းမခံနိုင်တော့လို့ ပျံလွန်တော်မူသွားတယ်၊ ကျန်တဲ့ ကိုရင် ၁၁ ပါးက ဗုံးအစတွေထိပြီး ဒဏ်ရာပဲရကြတယ်ဟု မိန့်ပါသည်။
အကြမ်းဖက်စစ်ကောင်စီမှ လေယာဥ်ဖြင့် ပထမ ဗုံးကြဲခဲ့ရာမှာ ကျောင်းပရဝုဏ်အတွင်းရှိ သုံးထပ်ကျောင်းဆောင်၊ သိမ်၊ ရေကန်၊ ရေသန့်သောက်ရေအိုးစဉ် စသည့် ကျောင်းဆောင်အသုံးအဆောင်များထိခိုက် ပျက်စီးခဲ့သည့်အပြင် ဒုတိယ အကြိမ် ထပ်မံလာကြဲရာတွင် ကျောင်းမုဒ်ဦးနှင့် အနားရှိ စစ်ရှောင်အမျိုးသား တစ်ဦးကိုလည်း ထိမှန်သဖြင့် ပွဲချင်းပြီးသေသွားခဲ့သည်။
ကျောင်းမှာ နေကြတဲ့စစ်ရှောင်တွေလည်း ကြောက်နေကြတယ်၊ ဘယ်လိုလုပ်ရမဲ မသိဘူး၊ အဲ့ညက သူခိုးတွေလည်း ဆိုင်ကယ်လာခိုးနေကြတယ်၊ တစ်ညလုံး မီးမဖွင့်ရဲဘူး ဂူထဲမှာ ပဲ အိပ်နေကြတယ်၊ နောက်ရက် ထွက်သွားဖို့ကားကြည့်တော့လည်း ကားတွေလည်ပျက်စီးနေတာ အရမ်းများတယ်။”ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း ထံ ထပ်မံ မိန့်သည်။
အောင်မင်္ဂလာနမ့်ဆန်ကျောင်းဝန်းအတွင်း စစ်ရှောင်လူဦးရေ ၅၀ဦးနှင့် သံဃာတော် အပါအဝင်ကိုရင်အပါး ၄၀ သီတင်းသုံးနေကြပြီး မည်သည့် လက်နက်ကိုင်မှ တပ်စွဲထားခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့်ကိုရင်းများနှင့် ကျောင်းအတွင်းရှိ သီတင်းသုံးနေထိုင်ကြသည့် သံဃာတော်များနှင့် စစ်ရှောင်တချို့က လက်ရှိ မန်းလေးမြို့ကို စစ်ရှောင်နေခဲ့ရပါသည်၊၊
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#လေယာဉ်ဗုံးကြဲ
#လားရှိုး
#ကိုရင်
#သေဆုံး
#စစ်ရှောင်