နမ့်ခမ်းမြို့တွင် ကြံခုတ်နေစဥ် အမျိုးသား တစ်ဦး မြေမြှုပ်မိုင်းထိခိုက်ပြီး ပြင်းထန်စွာဒဏ်ရာရရှိ
ရှမ်း/မြောက် တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာတွင် ကြံခုတ်နေသည့် အမျိုးသားတစ်ဦးသည် ၂၀၂၅ ခုနှစ် ဖေဖော်၀ါရီလ ၅ရက်နေ့ ညနေ ၃နာရီအချိန်ခန့် မြေမြှုပ်မိုင်း ခုတ်မိရာမှ ပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
သားဖြစ်သူမှ “အဖေက နောင်တိန်ရွာမှာ ကြံသွားခုတ်တာ၊ မိုင်းပေါက်မိလို့ မျက်နှာ/ ဦးခေါင်းနဲ့ ဗိုက်မှာ ဒဏ်ရာရရှိတယ်၊ ဗိုက်မှာက မိုင်းအစ ဝင်သွားလို့ ဒဏ်ရာနက်တယ်၊ မနေ့ကလည်း ခွဲစိတ်ခန်းဝင်ရတယ်၊ အခုလည်းဆေးရုံမှာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရတယ်”ဟု ပြောပါသည်။
အဆိုပါ မိုင်းထိခိုက်သည့် ဒေသခံအမျိုးသားသည် နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာခံ ဖြစ်ပြီး အသက် ၆၁ နှစ်အရွယ်ရှိ ဦးစိုင်းကျင်မောင် ဖြစ်ပြီး ၄င်း မိုင်းထိသည့် နေရာသည် ယခင် ရှမ်းပြည်တိုးတက်ရေးပါတီ -SSPP တပ်ဖွဲ့မှ တပ်စခန်းအခြေချခဲ့သော နေရာဒေသဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ထိုဖြစ်စဉ်နည်းအတူ လွန်ခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် ဦးသိန်းဇော်ဌေး ဆိုသူသည်လည်း မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်ဖက်သို့ ကြံသွားခုတ်ရင်း မြေမြှုပ်မိုင်းနင်းမိကာ ဘယ်ခြေထောက်ကိုတစ်ဖက် ဖြတ်လိုက်ရသည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။
ပုံ – ဒေသခံ