တောင်ခမ်းရွာအနီးတွင်ကြံခုတ်နေသောအမျိုးသမီးတစ်ဦးဗုံးအစထိခိုက်ဒဏ်ရာရရှိကာဆေးကုနေရဆဲ
ရှမ်း/မြောက် နောင်ချိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်ခန့် တောင်ခမ်းရွာနှင့် နီးစမ်သည့် တဲတိုက်စုကြံခင်းမှာ ကြံခုတ်နေသော အမျိုးသမီး တစ်ဦးကို ဒရုန်းဗုံးစများထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ယနေ့အထိ ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရှိရပါသည်။
အဆိုပါ ဒဏ်ရာရရှိသော အမျိုးသမီးသည် အသက်(၄၆)နှစ်အရွယ် အုမ္မခကျေးရွာခံမှ နန်းထွေးခမ်းဖြစ်ပြီး ဗိုက်ရဲ့ ဘယ်ဘက်ခြမ်းရှိ ဝမ်းဗိုက်နှင့် အူမတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၎င်း၏မိသားစုဝင်တစ်ဦးမှ “ကျမတို့ဘက်က စစ်ရှောင်ရင်းနဲ့ တဲတိုက်စုမှာ ကြံခုတ်နေကြတာအများကြီးပဲ၊ ဘယ်ကနေ လာတဲ့လက်နက်ကြီးအစတွေလဲ မသိဘူး၊ အစတွေက သူမကိုဆင်ပြီး ဒဏ်ရာရသွားတယ်။ အခုက ခွဲစိတ်ထားလို့ အနာမသက်သာသေးတော့ ဆေးရုံလည်း မဆင်းရသေးဘူး။ ဒီမှာက စားစရိတ်တွေ ဆေးဖို့တွေ အရမ်းဈေးကြီးတယ်၊ အဲကြောင့် ဆေးကုနေတဲ့အတောအတွင်း အကူအညီတွေလဲ လိုအပ်တယ်။”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောပြသည်။
ထို့အပြင် အုမ္မတီကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ကျောင်းဝန်းအတွင်းရှိ အဆောက်အဦးများစွာထိခိုက်ပျက်စီးမှုရှိပြီး ပျက်စီးမှု အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။
ပုံ – ဒေသခံ
#နောင်ချို #တိုက်ပွဲ #ဒဏ်ရာရ #အမျိုးသမီး #ဒရုန်းဗုံး
#တအာင်းအမျိုးသမီးအဖွဲ့အစည်း