နောင်ချိုမှ လက်နက်ကြီးကြောင့် ဒဏ်ရာရကာ ယနေ့အထိ ဆေးကုသမှု ခံယူနေရသော မန်မော်ရွာသား တစ်ဦး အကူအညီလိုအပ်နေ
ရှမ်း/မြောက် တအာင်းတပ်မတော်ထိန်းချုပ်သည့် နောင်ချိုမြို့နယ် မန်မော်ရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော ဒေသခံတစ်ဦးမှာ ယနေ့အထိဆေးကုသနေရသဖြင့် ဆေးကုသစရိတ် အတွက် အခက်အခဲရှိနေကြောင့် ရရှိခဲ့ပါသည်။
ထိုဖြစ်စဉ်မှာ လွန်ခဲ့သော ဇန်နဝါရီလ ၂၁ ရက်တွင် တောင်ရှည်အုပ်စု မန်မော်ရွာအတွင်း နေအိမ်နှင့် အုပ်တံတိုင်းကြားတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီး အစများ ထိခိုက် ဒဏ်ရာပြင်ထန်စွာ ရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။
ကာယာကံရှင်ကိုယ်တိုင်မှ “လက်နက်ကြီးက အိမ်နဲ့ အုတ်တံတိုင်းကြားမှာ ကျတယ်။ အိမ်ထဲမှာ နေတဲ့တစ်ယောက် က မထိဘူး။ အိမ်လည်းထိတယ်။ ကျနော်က အိမ်အပြင် ထွက်တဲ့အချိန်ဖြစ်နေတော့ လက်နက်အစထိသွားတယ်။ ဒဏ်ရာက ခြေဖနှောက်ပေါက်ပြဲတယ်၊ ဂျိုင်းကြားက အဆုတ်ထိတယ်၊ လက်နှစ်ဖက်လုံးထိပြီး ဘယ်လက်ချောင်း ၂ ချောင်းဖြတ်လိုက်ရတယ်။ ညာဘက် လက်မကပွင့်သွားပြီး အရိုးတွေကျိုးကုန်တာ၊ စတစ်ချောင်းဖြုတ်ပီးတော့ ပတ်တီးပတ်ထားရတယ်။ အခုက လက်ကနှစ်ဖက်လုံးမရှိတော့ဘူး။”ဟု ပြောပြသည်။

အဆိုပါ လက်နက်ကြီးအစများ ထိခိုက်ထားသည့် အမျိုးသားမှာ အသက် ၄၆ နှစ်အရွယ်ရှိ ဦးဝင်းလှိုင် ဖြစ်ပြီး ၎င်းဆေးရုံ ဆင်းပြီးနောက် အသိမိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် လားရှိုးတွင်နေထိုင်ကာ လက်ရှိအချိန်ထိ တစ်ပတ်တစ်ကြိမ် ဆေးရုံသို့ သွားရောက်ဆေးကုသနေပါသည်။
“ကျနော် ရွာလည်းမပြန်နိုင်သေးဘူး၊ အလုပ်လဲမလုပ်နိုင်သေးဘူး၊ ဆေးကုသစရိတ်လည်းအများကြီးကုန်တယ်။ အခုတောင် နေစရာအိမ်မရှိလို့ သူငယ်ချင်းဆီကို အကူအညီတောင်းပြီး သူ့အိမ်မှာ နေနေတယ်။ တစ်ပတ်တစ်ခါ ဆေးရုံကို သွားပြနေရတယ်။ ဆေးကုသစရိတ် နှင့် စားဝတ်နေရေးအတွက် အခက်အခဲရှိနေတယ်။ အကူအညီလိုနေတယ်။”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ရင်ဖွင့်ပြောဆိုခဲ့ပါသည်။
မန်မော်ရွာသည် ယနေ့အထိ တအာင်းတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေသော တောင်ခမ်းရွာနှင့်(၂) မိုင်သာ ကွာဝေးပြီး အနီအနားရွာရှိ ဒေသခံပြည်သူများသည်လည်း စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ တစ်ဆင့်စုံစမ်းသိရှိရပါသည်။
ပုံ-ဒေသခံ
#ဒေသခံ #လက်နက်ကြီး #ဒဏ်ရာရ #နောင်ချို #တိုက်ပွဲ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း