ကျောက်မဲမြို့ကို စကစမှ ၉ ကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အနည်းဆုံး ၃ ဦး ဒဏ်ရာရ

၄ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ် 

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ မနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်တွင် စျေးသစ်ရပ်ကွက် ခေါ် ရပ်ကွက် ၆ နှတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းရရှိသည်။  

“ ရပ်ကွက် ၆ မှာ ဗုံးကြဲတာ၊ အခုနလေးတင် ကြဲသွားတယ်၊ အထိအခိုက်တော့ အရမ်းမစိုးရိမ်ရဘူး၊ ၃ ယောက် ထိတယ်၊ အမျိုးသမီးတွေပဲ” ဟု ကျောက်မဲဒေသခံ အမျိုးသား တစ်ဦးမှ ပြောသည်။ 

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံထိခိုက်မှု နှင့် ထိခိုက်ပျက်စီးမှု အသေးစိပ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ 

နေအိမ် ၄ အိမ် ထိမှန်ခဲ့သည့်အနက် ဆေးခန်း ၁ အိမ်၊ ဒေါ်ချောကိုယ်ပိုင်အထက်တန်းကျောင်း ၁ တို့ ထိခိုက်ပျက်စီးခဲ့သည်။ 

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမှီသလောက် မှတ်တမ်းတင် ပြုစုထားသည့် စာရင်းအရ ဇွန် နှင့် ဇူလိုင် ၂ လတာအတွင်းတွင် ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ၉ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံး၊ ကလေး ၄ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၄ ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

၎င်းအပြင် အရပ်သား နေအိမ် ၄၉ အိမ်၊ စာသင်ကျောင်း ၃ ၊ ဘာသာရေးအဆောက်အအုံ ၄ ခု၊ စျေးဆိုင်များ၊ ဟိုတယ်ကော်လီ၊ ဌာနဆိုင်ရာ အဆောက်အအုံ ၁၁ ခု ထိခိုက်ပျက်စီးခဲ့သည်ဟု မှတ်တမ်းရရှိထားသည်။ 

ပုံ – ဒေသခံပေးပို့ 

#ကျောက်မဲ #လေကြောင်းဗုံးကြဲခံရ #စျေးနေရာ #အဆောက်အအုံ #စကစ #တအာင်းတပ်မတော်