နမ့်ဖက်ကာမှာ ကိုးကန့်တပ်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ဒေသခံတစ်ဦးထိခိုက်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာထဲတွင် ကိုးကန့်တပ်မတော်- MNDAA မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယနေ့ မတ်လ ၁၄ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ကိုးကန့်တပ်မှ ရပ်ကွက်တွင် တည်ရှိနေသော တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့၏ အုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ကိုးကန့်တွေက ဒရုန်းနဲ့ ပစ်တာ၊ နေအိမ်တစ်အိမ်လည်းထိသွားတယ်၊ အဲနားမှာနေတဲ့ ဦးလေးတစ်ယောက်ထိသွားတယ်၊ ညာခြေထောက်ထိတာ “ ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
ကိုးကန့်တပ်မှ ဒရုန်းဖြင့် TNLA အုပ်ချုပ်ရေးစခန်းရှိရာကို ဦးတည်တိုက်ခိုက်ခြင်းကြောင့် အရပ်သားနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်မီးလောင်နေသည်ဟု သိရသည်။
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် ယနေ့ ၁၀ နာရီ ၂၅ မိနစ်အချိန်မှစပြီး ယခုလက်ရှိအချိန်ထိ ကိုးကန့်တပ် MNDAA တပ်မှ လက်နက်ကြီးဖြင့် စတင်ထိုးစစ်ဆင် ပစ်ခတ်နေဆဲဖြစ်သည်။


Leave a Reply
Want to join the discussion?Feel free to contribute!