နမ့်ဖက်ကာတွင် ကိုးကန့်တပ်မတော်မှ ဒေသခံ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကိုးကန့်တပ်မတော်_MNDAAတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပြီး မီးငြိမ်းရန် သွားနေသည့် ဒသေခံ အမျိုးသားတစ်ဦးကိုပါ စနှိုက်ဘာဖြင့် ပစ်သတ်လိုက်သည်ဟု မိသားစုဝင်များထံ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက် ညနေ ၂ နာရီဝန်းကျင်၌ နမ့်ဖက်ကာကျေးရွာ ရပ်ကွက် ၄ တွင် MNDAA မှ ကိုနိုင်ထွန်းကို ပစ်သတ်ပြီး အလောင်းကို မိသားစုထံ ပြန်မပေးဘဲ မီးရှို့လိုက်သည်ဟု ဇနီးဖြစ်သူထံမှတစ်ဆင့် သိရသည်။ 

“နမ့်ဖက်ကာမှာ တိုက်ပွဲဖြစ်တဲ့နေ့ဖြစ်တယ်၊ ဒရုန်းကျလို့ မီးလောင်သွားတဲ့အိမ်က သူ့ဆွေမျိုးထဲက အဘိုးတစ်ယောက်ဆိုတော့ သွားကူမယ်ပေါ့၊ တက်သွားတဲ့အချိန်မှာ MNDAA တပ်နဲ့တိုးတော့ သူတို့က သူ့ကို ပစ်သတ်လိုက်တာ၊ ဦးခေါင်းအနောက်ကို ပစ်တာ၊ ပြီးတော့ သေဆုံတဲ့သူက အင်္ကျီအဖြူရောင်နဲ့ သူညာဖက်လက်မောင်းမှာ ထိုးထားတဲ့ တက်တူးရှိတယ်တဲ့၊ သူများကျမတို့ကို လာပြောပြလို့ သိတာ ” ဟု ပြောပါသည်။ 

(ကျောင်းတက်နေသည့်ကလေးသွားကြိုသည့်) မျက်မြင်သက်သေ တစ်ဦး၏ ပြန်လည်ပြောပြချက်အရ သေဆုံးသူသည် အဖြူရောင်အင်္ကျီ​ ဝတ်ဆင်ပြီး ညာဖက်လက်မောင်းတွင် ထိုးထားသည့် တက်တူးအမှတ်အသားရှိနေပြီး ထိုအမှတ်အသားသည် ကိုနိုင်ထွန်းဖြစ်သည်ကို အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု ဇနီးဖြစ်သူမှ ဆိုထားပါသည်။ 

အဆိုပါသေဆုံးသွားသည့် ကိုနိုင်ထွန်း၏ ရုပ်အလောင်းကို အတည်ပြုရန်နှင့် နေအိမ်သယ်သွားရန် မိသားစုဝင်မှ MNDAA ထံ သွားရောက်တောင်းဆိုသော်လည်း ပြန်မပေးသည့်အပြင် သေဆုံးသူရုပ်အလောင်း၊ ဆိုင်ကယ်နှင့် မိုဘိုင်းဖုန်းကိုပါ မီးရှို့လိုက်သည်ဟု ပြောသည်။ 

MNDAA သည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် စတင်ပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို အင်အားအလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒရုန်းဗုံးနှင့် လက်နက်ကြီးကြောင့် သေဆုံးသည့် ဒေသခံများ၏ စာရင်းနှင့် ထိခိုက်ဒဏ်ရာရသူ စာရင်းများကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။ 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *