နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်အပေါ်
သဘောထားထုတ်ပြန်ချက်
ရက်စွဲ – ၁ ရက်၊ ဇွန်လ ၊၂၀၂၆ ခုနှစ်
၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်၌ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် ယမ်းပစ္စည်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှု ကြောင့် လက်ရှိအချိန်ထိရရှိထားသည့်စာရင်းအရ ဒေသခံအရပ်သားပြည်သူ (၄၀) ဦး သေဆုံးပြီး (၇၅) ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် အရပ်သားနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည့်အပေါ် တအာင်းအရပ်ဖက် အဖွဲ့အစည်း-ကွန်ရက် အနေဖြင့် ကျန်ရစ်သူကောင်းတပ်ဒေသခံ မိဘ ပြည်သူများ နှင့်အတူ အထူးဝမ်းနည်းကြေကွဲရပါသည်။
ဤပေါက်ကွဲမှုနှင့်ပတ်သက်၍ တအာင်းတပ်မတော် (TNLA) မှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးကာတာဝန်ယူမှု၊တာဝန်ခံမှု အပြည့်အဝဖြင့် ဆောင်ရွက်ပေးရန် တအာင်းအရပ်ဖက်အဖွဲ့ အစည်း-ကွန်ရက်မှ အထူးအလေးပေးတောင်းဆိုပါသည်။
ထို့အပြင် ထိခိုက်နစ်နာခဲ့ရသူမိသားစုဝင်များနှင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် နစ်နာကြေး၊ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝ ပြန်လည်တည်ဆောက်နိုင်ရေး အစီအစဉ်များကို အမြန် ဆုံးဆောင်ရွက်ပေးရန်နှင့်ဒဏ်ရာရရှိသူများအား ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ အပါ အဝင် လိုအပ်သည့် ဝန်ဆောင်မှုများဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သော အရေးပေါ်ကူညီ ထောက်ပံ့မှု များ အမြန်ဆုံးဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါသည်။
ကွန်ရက်အနေဖြင့်လည်း မိဘပြည်သူများနှင့်အတူ လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှုအ ထောက်အပံ့များနှင့်တရားမျှတမှုရရှိစေရန် ဖော်ဆောင်ရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်း လုပ် ဆောင်သွားမည် ဖြစ်သည်။
အလားတူ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးများ ထပ်မံမဖြစ်ပွားစေရန် TNLA တာဝန်ရှိခေါင်းဆောင်များ အနေ ဖြင့် လုံခြုံရေးစနစ်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ လက်တွေ့ ကျ သော ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပေးရန်၊ နိုင်ငံတကာလူသားချင်စာနာထောက်ထားမှု ဥပဒေ(IHL)ကို လေးစားရန်နှင့် အရပ်သားပြည်သူများ၏လုံခြုံရေးကို အလေးပေးဆောင်ရွက်ပေးရန် တိုက်တွန်းတောင်း ဆိုလိုက်ပါသည်။
တအာင်းအရပ်ဘက်အဖွဲ့အစည်း ကွန်ရက်
ဆက်သွယ်ရန် Signal- 09 403 877 690


