နမ့်ခမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံပြည်သူ သေဆုံးမှုအများအပြားရှိ

တအာင်းတပ်မတော် (TNLA)  ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ယနေ့ မေလ မနက် ၁၂ နာရီ ၂၅ မိနစ်အချိန်ခန့်၌ ကောင်းတပ်ကျေးရွာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူ အများအပြားသေဆုံးမှု ရှိခဲ့သည်ဟု သိရသည်။ 

“ ကောင်းတပ်မှာပေါက်ကွဲတာ၊ ကျနော်တို့က မင်္ဂလာဆောင်သွားကြလို့သာ ကံကောင်းသွားတယ်၊ အိမ်ကတော့ ဘာမှရစရာမရှိတော့ဘူး၊ နေလို့လဲ မရတော့ဘူး၊ ပေါက်တဲ့နေရာလဲ ရေအိုင်လိုမျိုးအပေါက်ကြီးကြီးဖြစ်သွားတယ်၊ အခုသွားကြည့်ရသေးတယ်” ဟု ကောင်းတပ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါသည်။ 

ဒေသခံတစ်ချို့များ၏ ပြောကြေားချက်အရ ကောင်းတပ်ကျေးရွာ၏ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်အနီးတွင် တရုတ်ကုမ္ပဏီတစ်ခု တည်ရှိနေပြီး အဆိုပါကုမ္ပဏီမှ ယမ်းဟု ယူဆနိုင်သည့် လက်နက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာ ဆိုကြပါသည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀ ဦးအထက်မနည်း သေဆုံးမှုရှိပြီး ရာနဲ့ချီ ဒေသခံပြည်သူများ ထိခိုက်ရာရသလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့သည်။ သေဆုံးမှု စာရင်းနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုစာရင်းကို ဆက်လက်စုံစမ်းသွားမည် ဖြစ်သည်။

#နမ့်ခမ်းမြို့ #ကောင်းတပ်ရွာ #ပေါက်ကွဲမှု #ပြည်သူသေဆုံး #နေအိမ်များပြားထိခိုက်မှု