အကြမ်းဖက်စစ်ကောင်စီဖမ်းချုပ်ထားသည့်အမျိုးသား၂ဦးပြန်လွှတ်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဘက် ကုန်သွားပို့သည့် အမျိုးသား ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်ခံရသည်ဟု သိရပါသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် အသက် ၂၉ နှစ် မိုင်း ဇော်မင်းထက်နှင့် အသက် ၃၀ နှစ် တင်မင်းထွန်းသည် ကုန်သွားပို့ပြီးအပြန် ငါးအိုးကျေးရွာနှင့် ရွှေပူအကြား၌ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးနေချိန်နှင့် တိုက်ဆိုင်သောကြောင့် စစ်ဆေးမေးမြန်းခံရပြီးရိုက်နှက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ကာယကံရှင်တစ်ဦးမှ “ပိုက်ဆံသိန်း ၄၀ နဲ့ ဖုန်းရောအကုန်ယူသွားတယ်။ မှတ်ပုံတင်လည်း ပြန်မပေးခဲ့ဘူး။ ၂ ရက်လောက် အစာငတ်ထားခံရတယ်။ လက်နောက်ပစ် ကြိုးတုတ်ပြီး ဒုတ်နဲ့ ရိုက်နှက်တယ်။ ဖုန်းတွေစစ်ဆေးတယ်။ PDF နှင့် ကချင်အဖွဲ့အစည်းလားဆိုပြီးမေးမြန်းရိုက်နှက်ပါတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းတွင် အထက်ပါ အမျိုးသား ၂ ဦးနှင့်အတူ ငါးအိုးကျေးရွာရှိ ရွာခံများကိုပါဖမ်းဆီးထားသည်ဟု ဆက်ပြောပါသည်။

လက်ရှိတွင် အမျိုးသား ၂ ဦးသည် အကြမ်းဖက်စစ်ကောင်စီမှ ၁၄ ရက်အကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လွှတ်ပေးသဖြင့် ဇွန်လ၁၀ ရက်နေ့တွင် အိမ်သို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။