မိုးကုတ်မြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲခြင်းကြောင့် ပြည်သူ ၂၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ၊ သေဆုံးစာရင်းတွင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦးပါဝင်

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို မနေ့ည ၈ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ထပ်မံဗုံးကြဲခဲ့သောကြောင့် ပြည်သူ ၂၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရွှေဂူရပ်ကွက် လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဦးတည် ဗုံးကြဲခဲ့ခြင်းကြောင့် အမျိုးသား ၅ ဦး၊ ကိုယ်န်ဆောင်မိခင် ၁ ဦး၊ ကလေး အပါအဝင် အမျိုးသမီး ၁၅ သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်ကိုသိရှိသည့် အမျိုးသားတစ်ဦးပြောပြသည်မှာ “ ညတုန်းကသိရသလောက်ကို အရမ်းများနေပြီ ဒီမနက်အထိ အဲဒါတွေပဲ ရှင်းနေကြတာ၊ သေတဲ့ရုပ်အလောင်းတွေ ထပ်တိုးလာဖို့အလားလာရှိတယ်၊ အစအနတွေ တစ်စစီပြန့်နေတဲ့ အလောင်းတွေတော့ မထုတ်ရသေးဘူး၊ ဘယ်သူဘယ်ဝါမှန်းလဲမသိရတာရှိတယ်၊ ဒဏ်ရာရတဲ့သူထဲမှာလဲ အခြေအနေဆိုးဝါးတဲ့ သူတွေရှိတယ်၊ အဲဒါတွေသွားကြည့်ပြီးတော့ တစ်ညလုံး အိပ်မရဘူး” ဟု TWO ကို ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများသည် ကိုထွန်းနိုင် ၃၀ နှစ်၊ အောင်ကိုချစ်၊ ကိုမင်းမင်းဦး၊ ရှိုင်းသုတ၊ အငယ်ကောင် – ကိုရင်လေး၊ မဦး၊ ဒေါ်တင်တင်ဝင်း၊ လှကေခိုင်မိုး၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သည့် မမြတ်ကေသွယ်၊ မဖြူ၊ ငြိမ်းအိစံ၊ မဝင်းမာ၊ ပိုပိုချစ်၊ ဒေါ်မွှေး၊ ဒေါ်ချိုဝင်း၊ ပပဖြိုး၊ မရင်၊ မဇင်ဖြိုးဦး၊ ဒေါ်ဝေ ၃၆ နှစ်၊ မအေးနိုင် တို့ဖြစ်သည်။

အောင်ဇော်ထက် ၃၀ နှစ်၊ ဇော်မင်းထွေး ၂၉ နှစ်၊ မိုးမြင့်ဇော် ၁၆ နှစ်၊ အောင်ထက်ဦး ၂၅ နှစ်၊ ဝေယံစိုး ၂၉ နှစ် တို့သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

လေကြောင်းဗုံးကြဲခြင်းကြောင့် လင်းရောင်ခြည်ဘုန်းကြီး နှင့် ပြည်သူ နေအိမ် ၇ အိမ်ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော် – PSLF/TNLA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့တွင်လည်း မိုးကုတ်မြို့ အရှေ့ပိုင်း သဒွတ်သျှိုအုပ်စု ကျောက်နဂါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲခဲ့ခြင်းကြောင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဩဂုတ်လ ၂ ရက်နေ့တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်အုပ်စု ဂေါင်းဦးဘာရပ်ကွက်ဝွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး နှင့် ရဟန်းသံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁၀ လုံးအထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

မိုးကုတ်မြို့တွင် လေကြောင်းဗုံးကြဲမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်နေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ရရှိထားသည့် စာရင်းအရ ကလေး ၁၂ ဦး အပါအဝင် ၅၇ သေဆုံးခဲ့ပြီး ၈၇ ဦးအနက် ကလေး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံ – ဒေသခံ

#အကြမ်းစကစ

#မိုးကုတ်မြို့

#လေကြောင်းဗုံးကြဲ

#ဘုန်းကြီးကျောင်းပျက်စီး

#လူသေမှုများ

#ကိုယ်ဝန်ဆောင်မိခင်

#ကလေးသေဆုံး